Android Wear စမတ်နာရီ ထုတ်လုပ်ရန် ZTE စီစဉ်လျက်ရှိ

ZTE သည် ကုမ္ပဏီ၏ ပထမဆုံး Android Wear စမတ်နာရီကို ထုတ်လုပ်ရန် စီစဉ်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ အသစ်ထွက်ရှိမည့် Android Wear စမတ်နာရီတွင် LTE ချိတ်ဆက်မှု
ပါဝင်ကာ စမတ်ဖုန်းနှင့် ချိတ်ဆက်ရန် မလိုအပ်ဘဲ သီးသန့်အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
အမေရိကန်ရှိ ZTE အမှုဆောင် အရာရှိချုပ် လီရှီချန်က ၂၀၁၇ နောက်ပိုင်းတွင် စမတ်နာရီကိုဖြန့်ချိ ရောင်းချရန် ကူညီပေးမည့် အမေရိကန် ကုမ္ပဏီရှိပြီဖြစ်ကြောင်း အင်တာဗျူးတွင် ဖြေကြားခဲ့သည်။ ZTE ၏ စမတ်နာရီမှာ ဘက်ထရီသက်တမ်း အားနည်းသေးပြီး LTE မပါခြင်းစသည့် ပြဿနာများ ရှိသောကြောင့် ယခင်က ဈေးကွက်တွင်းသို့ ZTE ဝင်ရောက်ရန် ရပ်ဆိုင်းခဲ့ကြောင်း မစ္စတာချန်က ပြောဆိုခဲ့သည်။ “ဒီပြဿနာတွေ အားလုံး အတိတ်မှာ ကျန်ခဲ့ပါပြီ” ဟုမစ္စတာချန်က ပြောကြားခဲ့ကြောင်း CNET မှဖော်ပြခဲ့သည်။
ZTE သည် စမတ်နာရီ နယ်ပယ်သို့ Swarovski နှင့်အတူ ဝင်ရောက် လာတော့မည်ဖြစ်သည်။ စမတ်နာရီ ဈေးကွက်မှာ၂၀၁၆ တတိယသုံးလပတ်တွင် တစ်နှစ်ထက်တစ်နှစ် ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းလျက် ရှိသည်။

Comments