ကမ္ဘာ့ အကြီးဆုံး ဒရုန်းအစုအဖွဲ့ကို ပင်တဂွန် စမ်းသပ်


အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနသည် အနာဂတ်တွင် အထူးလက်နက်တစ်ခု ဖြစ်လာရန် နမိတ်ပြေးနေသော မိုက်ခရိုဒရုန်း ၁၀၃ စင်းပါဝင်သည့် ဒရုန်းအစုအဖွဲ့ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်။ ၎င်းဒရုန်းသည် ရန်သူများ၏ ကာကွယ်ရေးကို ရှုပ်ထွေးစေပြီး ရေဒါလှိုင်းများကိုလည်း ပိတ်ပေးနိုင်သည်။ ထို့အပြင် ထွက်ပြေးလွတ်မြောက်နေသော အကြမ်းဖက်သမားများကို ခြေရာခံရန် ဒရုန်းအစုအဖွဲ့လိုက်ကို ထောက်လှမ်းရေး ကင်မရာအဖြစ်လည်း အသုံးပြုနိုင်သည်။
၎င်းဒရုန်းများကို လေ့လာစောင့်ကြည့်ရေး tool အဖြစ်ဖော်ပြနေကြသော်လည်း ၆ လက်မခန့် ရှိသော ဗုံးများကို သယ်ဆောင်နိုင်စွမ်းရှိကြောင်း Washington Post မှ ဖော်ပြခဲ့သည်။ စစ်ဘက်ဆိုင်ရာမဟာဗျူဟာ ချမှတ်သူများအနေဖြင့် အဆိုပါဒရုန်းများအတွက် မြင့်မားသော မျှော်မှန်းချက်များ ရှိနေသည်။ ၎င်းဒရုန်းများသည် ထုတ်လုပ်ရာတွင် ဈေးသက်သာပြီး တစ်ဖက်ရန်သူ၏ ကာကွယ်မှုကို အင်အားများများဖြင့် လွှမ်းမိုးနိုင်သည်။
အောက်တိုဘာလတွင် ကယ်လီဖိုးနီးယားပြည်နယ်၌ ကမ္ဘာ့အကြီးဆုံး မိုက်ခရိုဒရုန်း အစုအဖွဲ့စမ်းသပ်မှုတွင် Perdix အမည်ရ မိုက်ခရိုဒရုန်း ၁၀၃ စင်းပါဝင်သည်။ မိုက်ခရိုဒရုန်းများကို F/A-18 Super Hornet တိုက်လေယာဉ်များမှ လွှတ်ချ၍ စမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်း Pentagon မှ ထုတ်ပြန်ခဲ့သည်။ Perdix ဒရုန်းများမှာ ခြောက်လက်မရှည်လျားပြီး ရေဒီယိုထုတ်လွှင့်မှုစက်များ၊ ကင်မရာများနှင့် receiver တို့ပါဝင်သည်။

ဒရုန်းများတွင် ဦးတည်ရာနှင့် တည်နေရာကို ထုတ်လွှင့်ရန် ရေဒီယိုများ ပါဝင်သည်။ သိပ္ပံပညာရှင်များသည် ဒရုန်းများကို အဖွဲ့တစ်ခုအဖြစ် အတူတကွ လုပ်ကိုင်ရန် artificial intelligence ကို တိုးတက်အောင် ပြုလုပ်ထားသည်။ မိုက်ခရိုဒရုန်းများသည် အတူတကွ ဆုံးဖြတ်ချက်ချခြင်း၊ လိုက်လျောညီထွေ စီစဉ်တကျ ပျံသန်းခြင်းနှင့် အားနည်းချက် ဖာထေးခြင်းအစရှိသော အဆင့်မြင့် အစုအဖွဲ့အမူအကျင့်များစွာအား လက်တွေ့စမ်းသပ်ခဲ့ကြောင်း Pentagon ကပြောကြားခဲ့သည်။
Perdix ဒရုန်းများကို ၂၀၁၃ ခုနှစ်တွင် မက်ဆာချူးဆက်နည်းပညာတက္ကသိုလ် (MIT) မှ အင်ဂျင်နီယာကျောင်းသားများက ကနဦးတီထွင်ခဲ့ကြပြီး နောက်ပိုင်းတွင် ဆက်လက်တိုးတက်အောင် ကြံဆခဲ့ကြသည်။ Perdix ဒရုန်းများမှာ စီးပွားဖြစ် စမတ်ဖုန်းလုပ်ငန်းများမှ စိတ်ကူးဥာဏ်ကွန့်မြူးခဲ့ခြင်းဖြစ်ကြာင်း Pentagon ကထုတ်ပြန်ခဲ့သည်။

Comments