အွန်လိုင်းအလုပ်လျှောက်လွှာ တင်ခြင်း အခက်အခဲ မရှိစေရန် ရွေ့လျားအစီအစဉ်ဖြင့် အကူအညီပေးခြင်းပြုလုပ်


အွန်လိုင်းတွင် ဒစ်ဂျစ်တယ် အလုပ်လျှောက်လွှာများ ဖြည့်သွင်းရေးသားရာမှာ အခက်အခဲ မရှိစေဖို့အတွက် ရန်ကုန်မြို့အတွင်း မော်တော်ယာဉ်ဖြင့်လှည့်လည်ကာ ကူညီဆောင်ရွက်ပေးမယ့်အစီအစဉ်ကို ဇန်နဝါရီလ ၁၁ ရက် မှ ၁၃ ရက်အထိ work.com.mm မှ ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။
မော်တော်ယာဉ်ဖြင့် ရွေ့လျား အကူအညီပေးခြင်း အစီအစဉ်မှာ ရန်ကုန်မြို့ရဲ့လူစည်ကားရာနေရာတွေဖြစ်တဲ့ လှည်းတန်း၊ မဟာဗန္ဓုလပန်းခြံနှင့် မြေနီကုန်း စတဲ့နေရာတွေမှာ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ တစ်ရက်ချင်းစီ သွားရောက် အကူအညီပေးသွားမယ်လို့ သိရပါတယ်။ ရွေ့လျားအကူအညီပေးခြင်း အစီအစဉ်ကို လာမယ့် ဇန်နဝါရီလ ၂၂ ရက်မှာ ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေးကွန်ဗင်းရှင်းစင်တာ (IBC) မှ ကျင်းပသွားမယ့် ဒစ်ဂျစ်တယ်နည်းပညာသုံးအလုပ်အကိုင်ပြပွဲ (Paperless Job Fair) အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါပြပွဲမှာ စာရွက်တွေနဲ့အလုပ်လျှောက်ထားရန်မလိုဘဲ အွန်လိုင်း အလုပ်လျှောက်လွှာနဲ့ လွယ်ကူလျင်မြန်စွာ အလုပ်လျှောက်ထားနိုင်မယ့်အကြောင်း လူအများသိရှိစေရန်နဲ့ CV တင်ရာမှာ အခက်အခဲမရှိစေရေးကို ရည်ရွယ်ကာ စီစဉ်ခဲ့ခြင်းဖြစ်တယ်လို့ work.com.mm ရဲ့ Head of Marcom & PR ဖြစ်သူ Melvin Min က ပြောပါတယ်။

Comments