သတင်းအတုများ စစ်ထုတ်မယ့် ဝန်ဆောင်မှုကို ဂျာမနီမှာ စတင်မယ့် Facebook


Facebook သုံးစွဲသူများက သတင်းအတုများ ရွေးချယ်သတ်မှတ်ထားနိုင်မယ့် fake news filtering tool များကို မကြာမီကာလအတွင်း ဂျာမနီမှာ စမ်းသပ်သွားမယ်လို့ သိရပါတယ်။
စမ်းသပ်မှု စတင်တဲ့အခါ သုံးစွဲသူက သတ်မှတ်ထားတဲ့ သတင်းများကို third-party fact checker ဖြစ်တဲ့ Correctiv ထံ ပေးပို့သွားမှာ ဖြစ်ပါတယ်။ Fact checker အနေနဲ့ မယုံကြည်ရတဲ့ သတင်းအဖြစ် သတ်မှတ်လိုက်တဲ့အခါ Facebook ရဲ့ news feed algorithm မှာ ဦးစားပေးအဆင့် လျော့ကျသွားမှာဖြစ်ပါတယ်။ အဲ့ဒီအခါ သတင်းအတုတွေကို သုံးစွဲသူ အနည်းငယ်ကသာ တွေ့ရှိရမှာ ဖြစ်တယ်လို့ Financial Times က ဖော်ပြခဲ့ပါတယ်။
အဆိုပါ စမ်းသပ်မှုအတွက် Facebook က ဂျာမန်ဘာသာနဲ့ဖော်ပြတဲ့ သတင်းဆိုက်ကနေ အတည်ပြုခဲ့ပါတယ်။
“လောလောဆယ်မှာတော့ ဂျာမနီနိုင်ငံအတွက် အာရုံစိုက်လုပ်ဆောင် နေပါတယ်။ နောက်ထပ် မိတ်ဆက်ပေးမယ့် နိုင်ငံတွေကိုလည်း စဉ်းစားထားပါတယ်” လို့ Facebook ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Financial Times ထံ ပြောကြားခဲ့ပါတယ်။
ဂျာမနီနိုင်ငံဟာ သတင်းအတု ပြဿနာများနဲ့ ကြုံတွေ့နေရပြီး “ဂျာမနီရဲ့ သက်တမ်းအရင့်ဆုံး ခရစ်ယာန်ဘုရားကျောင်း မီးလောင်မှုဖြစ်ပွား” ဆိုတဲ့ သတင်းအတု တစ်ခုကလည်း သုံးစွဲသူ အများအပြားထံ ပျံ့နှံ့သွားခဲ့ပါတယ်။
အဲ့ဒီနောက် ဂျာမနီအာဏာပိုင်များက Facebook အပါအဝင် အင်တာနက် ကုမ္ပဏီများအနေနဲ့ အမုန်းပွားစေမယ့် ပြောကြားချက်တွေ၊ အခြားသတင်းအတုတွေကို ကုမ္ပဏီတွေရဲ့ platform တွေကနေ မဟန့်တားနိုင်ဘူးဆိုရင် အသရေဖျက်မှုနဲ့ တရားစွဲမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
လက်ရှိမှာ အလားတူ fake news filter ကို Facebook က အမေရိကန်မှာ စမ်းသပ်နေပါတယ်။

Comments