အလိုအလျောက် ဟန်ချက်ထိန်းနိုင်သော Honda မော်တော်ဆိုင်ကယ်


Honda သည် CES 2017 ပြပွဲအတွင်း အလိုအလျောက် ဟန်ချက်ထိန်းနိုင်သော မော်တော်ဆိုင်ကယ် concept ကိုပြသခဲ့သည်။ အဆိုပါဆိုင်ကယ်တွင် တစ်ကိုယ်ရေ သယ်ယူပို့ဆောင်ရေး ထုတ်ကုန် Uni-Cub ၏ နည်းပညာအတိုင်း အသုံးပြုထားသည်။
Honda ၏ CES 2017 သတင်းစာရှင်းလင်းပွဲတွင် မော်တော်ဆိုင်ကယ်က စီးနင်းသူမပါဘဲ Uni-Cub နှင့်အတူ စင်နောက်မှ အလိုအလျောက် ထွက်ပေါ်လာခဲ့သည်။
မော်တော်ဆိုင်ကယ် မတော်တဆဖြစ်မှုများသည် ကားထက် ၂၇ ဆ ပိုမိုပြင်းထန်ကြောင်း ဟိုင်းဝေးလုံခြုံရေး အတွက် အာမခံအဖွဲ့အစည်းက ထုတ်ပြန်ခဲ့သည်။ မော်တော်ဆိုင်ကယ်များအတွက် လုံခြုံမှုရှိအောင် ပြုလုပ်ပေးနိုင်သော နည်းပညာများမှာ နည်းပါးနေသည်။ Honda ၏တီထွင်မှုသည် မော်တော်ဆိုင်ကယ်များကို ပိုမိုတည်ငြိမ်မှုရှိစေပြီး ဆိုင်ကယ်စီးနင်းသူများကို တည့်မတ်မှန်ကန်အောင် ပြုလုပ်ပေးနိုင်မည် ဖြစ်သည်။
Honda ၏ မော်တော်ဆိုင်ကယ်မှာ အလိုအလျောက် ဟန်ချက်ထိန်းနိုင်သောကြောင့် ဒေါက်ချထားရန် မလိုအပ်ပေ။
မော်တော်ဆိုင်ကယ်တွင် အလိုအလျောက်မောင်းနှင်နိုင်သော စွမ်းရည်ထည့်သွင်းနိုင်ကြောင်း Honda ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဆေ့ခ်ျမာရီက ပြောဆိုခဲ့သည်။ မော်တော်ဆိုင်ကယ်စီးနင်းသူက စားသောက်ဆိုင်ရှိ ပလက်ဖောင်းတွင် ဆိုင်ကယ်ကို ထားရှိနိုင်သည်။ ဥပမာအားဖြင့် ပိုင်ရှင်က စားသောက်ဆိုင်ထဲဝင်သွားချိန်တွင် ဆိုင်ကယ်က ပါကင်ကို ရှာဖွေပေးမည် ဖြစ်သည်။
Honda သည် အလိုအလျောက်ဟန်ချက်ထိန်းနိုင်သော မော်တော်ဆိုင်ကယ်ကို တည့်မတ်နေစေရန်အတွက် လက်တွေ့ပြုလုပ်ပြသခဲ့သည်။ မော်တော်ဆိုင်ကယ်ကို တည့်မတ်နေစေရန်အတွက် Honda ၏ ကိုယ်ပိုင်နည်းပညာကို အသုံးပြုထားသည်။ မော်တော်ဆိုင်ကယ်ဘေးဘက်တွင် ဒေါက်နှစ်ခုပါဝင်သော်လည်း ၎င်းတို့ကို မြေပြင်နှင့် မထိအောင် ပြုလုပ်ထားသည်။ ၎င်းနည်းပညာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အဆိုပါဒေါက်နှစ်ခုကို ဆိုင်ကယ်အားထုတ်လုပ်သည့်အခါတွင် ပြန်လည်မွမ်းမံသွားမည် ဖြစ်ကြောင်း သိရသည်။
BMW ကလည်း ပြီးခဲ့သည့်နှစ်က အလိုအလျောက်ဟန်ချက်ထိန်းနိုင်သော မော်တော်ဆိုင်ကယ်ကို ပြသခဲ့သည်။ ၎င်းဆိုင်ကယ်မှာ Honda concept ကဲ့သို့ပင် တည်ငြိမ်မှုရှိသည်။

Comments