ကတ်ကြေးနဲ့ ညှပ်ပစ် ဖောက်ပစ်ရင်တောင် မပေါက်ကွဲတဲ့ ဘက်ထရီထွက်ရှိ


Tufts တက္ကသိုလ်ရဲ့ ပရော်ဖက်ဆာတစ်ယောက်ဖြစ်တဲ့ Mike Zimmerman ကနေ ကတ်ကြေးနဲ့ညှပ်ပစ် ဖောက်ပစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ ဘက်ထရီအသစ်တစ်မျိုးကို တီထွင်လိုက်ပါပြီ။ သူကတော့ သူ့ရဲ့တီထွင်မှုကို မကြာသေးခင်က PBS မှာထုတ်လွှင့်ခဲ့တဲ့ NOVA documentary အသစ်မှာ ပြသခဲ့ပါတယ်။
အခုကျွန်တော်တို့ဖုန်းတွေမှာသုံးထားတဲ့ lithium-ion ဘက်ထရီတွေနဲ့မတူတာက Mike Zimmerman တီထွင်ခဲ့တဲ့ ဘက်ထရီအသစ်ကပိုလုံခြုံပြီး ပိုစိတ်ချရပါတယ်။ တစ်ခုခုပျက်စီးထိခိုက်မိရင်လည်း မီးလောင်မှာမဟုတ်သလို ထက်ဝက်ပိုင်းလိုက်ရင်တောင်မှ အန္တရာယ်မရှိဘဲဆက်အလုပ်လုပ်နေမှာဖြစ်ပါတယ်။ မယုံသေးဘူးဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ ဗီဒီယိုကိုကြည့်ကြည့်လိုက်ပါ။ ဘက်ထရီကိုဖျက်စီးပြီးညှပ်ပစ်လိုက်ရင်တောင်မှ သူနဲ့ချိတ်ဆက်ထားတဲ့ပစ္စည်းမှာမီးလင်းနေသေးတာကို တွေ့ရမှာပါ။
Mike ကတော့ lithim-ion ဘက်ထရီတွေမှာတွေ့ရတဲ့ မီးတောက်နိုင်တဲ့ လျှပ်လိုက်ပျော်ရည်တွေနဲ့ separator အစား မီးမတောက်နိုင်တဲ့ ပလတ်စတစ် polymer ကိုအစားထိုးသုံးထားပြီး ဘက်ထရီကို အန္တရာယ်ကင်းအောင် ဖန်တီးထားတာဖြစ်ပါတယ်။ သုံးဖို့အတွက်လည်း အရမ်းကို စိတ်ချရပြီးတော့ လက်ရှိဈေးကွက်မှာရှိနေတဲ့ ဘက်ထရီတွေထက်တောင်မှ ဈေးအရမ်းသက်သာနိုင်ပါတယ်။ အခုလက်ရှိမှာထွက်ပေါ်လာတဲ့ နည်းပညာအသစ်အဆန်းတွေက အရမ်းကို စိတ်ဝင်စားစရာကောင်းပေမယ့်လည်း ထုတ်လုပ်တဲ့အခါကုန်ကျစရိတ်အရမ်းမြင့်နေတာကြောင့် အခုလို ဈေးသက်သာမယ်ဆိုတာလည်း အရေးကြီးဆုံးတစ်ချက်ဖြစ်လာမှာပါ။
ဒီတီထွင်မှုအသစ်ကအောင်မြင်နိုင်ချေအများကြီးရှိပေမယ့် Mike အနေနဲ့ ဈေးကွက်မှာတိုးဝင်နိုင်ဖို့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရဦးမှာပါ။ Mike က သူကျော်လွှားသွားရမယ့်အကြီးဆုံးအခက်အခဲ၂ခုရှိပြီး အဲ့တာတွေကတော့ ယုံကြည်စိတ်ချရမှုဘယ်လောက်ရှိလဲဆိုတာကို စစ်ဆေးတာနဲ့ နောက်တစ်ခုကတော့ ဒီလိုမျိုးဘက်ထရီတွေကို ဘယ်လိုစကေးထားရမလဲဆိုတာ ရှာဖွေဖို့ပဲဖြစ်ပါတယ်။ Mike ကတော့ ဒါတွေကိုအေကာင်းဆုံးအောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ဖို့ရာအတွက်ဆိုရင် ဘက်ထရီတွေကိုထုတ်ခွင့်ရထားတဲ့ကုမ္ပဏီကြီးတစ်ခုနဲ့ဖက်စပ်လုပ်ဖို့လိုအပ်ပြီး ဘဏ္ဍာငွေလည်းရနိုင်မှာဖြစ်ပါတယ်။
ဘက်ထရီနည်းပညာအသစ်ကို တီထွင်ဖို့ကြိုးစားနေတာဟာ ဒီတက္ကသိုလ်ပရော်ဖက်ဆာတစ်ယောက်တည်းမဟုတ်ပါဘူး။ စတန်းဖို့ဒ် တက္ကသိုလ်က သုတေသီတွေကလည်း မီးငြိမ်းသတ်နိုင်မယ့် fire extinguisher ကို build-in ထည့်ထားမယ့် lithium-ion ဘက်ထရီတွေကိုဖန်တီးခဲ့ပြီး Central Florida တက္ကသိုလ် (UCF) ကသိပ္ပံပညာရှင်တွေကလည်း ကိုယ့်ရဲ့စမတ်ဖုန်းကို စက္ကန့်အနည်းငယ်အတွင်းမှာတင် အားပြည့်သွားစေမယ့် ဘက်ထရီနည်းပညာအသစ်ကို လုပ်ဆောင်လျက်ရှိပါတယ်။

Comments