Galaxy Note 7 ဘက်ထရီစက်ရုံ မီးလောင်မှုဖြစ်ပွား


မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တဲ့ Galaxy Note 7 စမတ်ဖုန်းရဲ့ ဘက်ထရီတွေကို ထုတ်လုပ်တဲ့ Samsung SDI ကုမ္ပဏီက တရုတ်မြောက်ပိုင်းမှာရှိတဲ့ စက်ရုံတစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးကို အလျင်အမြန် ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။
Weibo တရုတ်လူမှုကွန်ရက်သုံးစွဲသူတွေဆီကနေ ထွက်ပေါ်လာခဲ့တဲ့ ဓာတ်ပုံများအရ Tianjin မြို့မှာရှိတဲ့ Samsung Electronics ကုမ္ပဏီရဲ့ စက်ရုံတစ်ခုမှာ မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်အပေါ် အထိအခိုက်မရှိခဲ့ဘူးလို့ ပြောရေးဆိုခွင့်ရှိသူ Shin Yong-doo က ပြောကြားခဲ့ပါတယ်။
မီးလောင်မှုက စွန့်ပစ်ပစ္စည်းသိုလှောင်ရုံတစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထုတ်လုပ်ရေးအဆောက်အအုံမှာ
ဖြစ်ပွားခဲ့တာမဟုတ်ဘူးလို့လည်း Shin က ပြောဆိုပါတယ်။
Samsung SDI ဟာ ကမ္ဘာတစ်ဝန်းကနေ ပြန်လည်သိမ်းဆည်းခဲ့ပြီး ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ရတဲ့ Note 7 စမတ်ဖုန်းအတွက် ဘက်ထရီထုတ်လုပ်ပံ့ပိုးတဲ့ ကုမ္ပဏီနှစ်ခုထဲက တစ်ခုဖြစ်ပါတယ်။
SDI အနေနဲ့ လုံခြုံဘေးကင်းမှုအတွက် ယခုလအတွင်းမှာ ဝမ် ၁၅၀ ဘီလျံ (ဒေါ်လာ ၁၂၉ သန်း) ရင်းနှီးမြှုပ်နှံထားပြီး ကုမ္ပဏီရဲ့ ဘက်ထရီတွေကို Samsung Electronics ရဲ့ စမတ်ဖုန်းမော်ဒယ်သစ်မှာ အသုံးပြုသွားဖို့ သေချာသလောက် ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

Comments