Hardware ပိုင်းကောင်းမွန်တာကို ကြိုက်တတ်တဲ့ ဖန်တွေအနေနဲ့ သူတို့ရဲ့ ပရိုဆက်ဆာမှာ core တွေ ပိုမိုပါဝင်တဲ့ စမတ်ဖုန်းကို မြင်ချင်ကြပါတယ်။ တရုတ်အခြေစိုက် Vernee ကတော့ အဲဒီနယ်ပယ်အတွက် ခြေလှမ်းစတင်နေပါတယ်။ Apollo 2 ဆိုတဲ့ MediaTek ရဲ့ 10-core X30 processor ကို အသုံးပြုထားတဲ့ စမတ်ဖုန်းကို စပိန်နိုင်ငံ ဘာစီလိုနာမှာ ကျင်းပတော့မယ့် 2017 Mobile World Congress trade show မှာ ပြသမယ်လို့ ကြေညာလိုက်ပါတယ်။
အဲဒီအတွက် ပုံလေးတွေကိုလည်း Vernee ရဲ့ ၀က်ဘ်ဆိုက်ပေါ်မှာ တင်ပေးခဲ့ပါတယ်။ ပုံတွေအရဆိုရင် Apollo 2 မှာ မော်လ်ဒယ်နှစ်မျိုးလာနိုင်ပါတယ်။ တစ်ခုကတော့ 6GB RAM နဲ့ 64GB onboard storage ၊ နောက်တစ်ခုကတော့ 8GB RAM နဲ့ 128GB storage တို့ ဖြစ်ကြပါတယ်။ ဖုန်းရဲ့ အသေးစိတ်အနေနဲ့ကတော့ display ၊ resolution ၊ ကင်မရာ ၊ ဘတ်ထရီ စတာတွေကိုတော့ ထုတ်ပြန်ဖို့ ကျန်နေပါသေးတယ်။ Vernee Apollo 2 ရဲ့ ဗားရှင်းနှစ်ခုလုံးရဲ့ ဈေးနှုန်းကိုလည်း မသိရသေးပါဘူး။ ဒါပေမယ့် ၂၀၁၆ မှာ ထွက်ခဲ့တဲ့ original Vernee Apollo ကတော့ ၅.၅လက်မ QHD display ၊ 21MP အနောက်ကင်မရာနဲ့ 8MP အရှေ့ကင်မရာတို့ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် နောက်ထွက်ဖုန်းတွေဖြစ်တဲ့အတွက် ရှေ့ကထက်တော့ ပိုမိုကောင်းမွန်လာမယ်လို့ မျှော်လင့်ထားပါတယ်။
10nm manufacturing process နဲ့ ဖန်တီးထားတဲ့ MediaTek Helio x30 ဟာ core အစုသုံးခုကို အခြေခံထားတဲ့ဒီဇိုင်းကို အသုံးပြုထားပါတယ်။ ပထမတစ်ခုကတော့ Cortex-A73 cores လေးခုပါဝင်ပြီး clock speeds 2.8GHz ၊ ဒုတိယတစ်ခုကတော့ Cortex-A53 cores လေးခုနဲ့ 2.2GHz ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ Cortex-A35 cores နှစ်ခုပါဝင်ကာ 2.0GHz ဖြစ်ပါတယ်။ အဲဒီ chip ဟာ quad-core PowerVR 7XT GPU နဲ့ အတူ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။
Apollo 2 အပြင် Vernee ဟာ အဲဒီပွဲမှာ အခြားသောဖုန်းအသစ်တွေကိုလည်း ပြသသွားမှာပါ။ အဲဒီထဲမှာ အနားသတ်ဘောင်တွေ အလွန်ပါးထားပြီး Helio p25 octa-core processor ၊ 6GB RAM ၊ 64GB storage ပါဝင်မယ်လို့ဆိုတဲ့ Mars Proလည်း ပါဝင်ပါတယ်။ တစ်ခါအားသွင်းပြီး ကြာကြာခံတဲ့ဖုန်းကို ကြိုက်တယ်ဆိုရင်တော့ Vernee က Thor E နဲ့ Thor Plus ကို ပြသပေးပါလိမ့်မယ်။ သူတို့ရဲ့ဘတ်ထရီတွေဟာ 5020mAh နဲ့ 6050mAh တို့ ဖြစ်ကြပါတယ်။ သူတို့ရဲ့ဖုန်းတွေအကြောင်းကို သိနိုင်သမျှ ဆက်လက်ရေးသား တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
Comments
Post a Comment