My Friend Cayla အရုပ်မှာပါတဲ့ မိုက်ခရိုဖုန်းကို ဖျက်ဆီးရန် ကလေးမိဘများအား ဂျာမနီသတိပေး


နိုင်ငံအတွင်းမှာ ရောင်းချနေတဲ့ အရုပ်တစ်မျိုးဟာ မိသားစုတွေကို စုံစမ်းထောက်လှမ်းပြီး ကိုယ်ရေးအချက်အလက်တွေ ခိုးယူနိုင်တယ်လို့ ဂျာမနီရဲ့ ဆက်သွယ်ရေး စည်းကမ်းထိန်းသိမ်း ကြီးကြပ်ရေးအဖွဲ့က ကလေးမိဘတွေကို သတိပေးပြောကြား လိုက်ပါတယ်။
ဒါ့အပြင် ဥပဒေချိုးဖောက်တဲ့ အဲ့ဒီအရုပ်အသုံးပြုမှုကို ချက်ချင်းရပ်ဆိုင်းပြီး အတွင်းမှာပါတဲ့ မိုက်ခရိုဖုန်းကို ဖျက်ဆီးရန် ကလေးမိဘများကို ဂျာမန်အာဏာပိုင်အဖွဲ့က အကြံပြုထားပါတယ်။
My Friend Cayla လို့ခေါ်တဲ့ အရုပ်ဟာ Bluetooth ကနေတစ်ဆင့် အင်တာနက်ကို ချိတ်ဆက်ပါတယ်။ ဒါဟာ “ကမ္ဘာပေါ်မှာ အရပ်အရှည်ဆုံး တိရစ္ဆာန်က ဘာလဲ” ဆိုတဲ့ မေးခွန်းမျိုးကို နားထောင်ပြီး ဖြေကြားဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အဲ့ဒီအရုပ်ရဲ့ဒီဇိုင်းဟာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ထားတယ်လို့ ဂျာမန်အာဏာပိုင်အဖွဲ့က ပြောပါတယ်။
“ဒီလို ထုတ်ကုန်ကို ပိုင်ဆိုင်ထားတာက ဥပဒေကိုချိုးဖောက်တာပါပဲ။ ပြည်သူတွေအနေနဲ့ ဥပဒေလိုက်နာတဲ့ နိုင်ငံသားတွေလို ပြုမူပြီး အရုပ်မှာပါတဲ့ လုပ်ဆောင်ချက်ကို ဖျက်ဆီးပစ်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဂျာမနီရဲ့ ဆက်သွယ်ရေး စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Olaf Peter Eul က ပြောကြားခဲ့ပါတယ်။
ဒီအရုပ်တွေကို ဖြန့်ချိတဲ့ ယူကေအခြေစိုက် အရုပ်ကုမ္ပဏီ Vivid က ဂျာမနီရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြောင်းနဲ့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဂျာမန်ကုမ္ပဏီတွေနဲ့ လက်တွဲဆောင်ရွက် သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Cayla ကို ဖန်တီးတဲ့ အမေရိကန်ကုမ္ပဏီ Genesis ကတော့ ဒီဖြစ်ရပ်အပေါ် ထင်မြင်ချက်ပေးခဲ့တာမျိုး မရှိပါဘူး။
ဖုံးကွယ်ထားတဲ့ ကင်မရာတွေနဲ့ မိုက်ခရိုဖုန်းတွေ ပါဝင်တဲ့ ကြိုးမဲ့စနစ် ထုတ်ကုန်ကို ဂျာမနီမှာ တရားမဝင်အဖြစ် သတ်မှတ်ထားပါတယ်။ ထင်သာမြင်သာရှိတဲ့ ကင်မရာတွေနဲ့ မိုက်ခရိုဖုန်းတွေ ပါဝင်တဲ့ ထုတ်ကုန်တွေကိုတော့ ခွင့်ပြုထားပါတယ်။
အာဏာပိုင်အဖွဲ့အနေနဲ့ အရုပ်ထုတ်လုပ် ရောင်းချသူထံ ဆက်သွယ်ပြီး စတိုးဆိုင်တွေကနေ အရုပ်တွေပြန်သိမ်းဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီအရုပ်တွေကို တရားမဝင်အဖြစ် သတ်မှတ်ထားပေမယ့် ပိုင်ရှင်တွေကို ပြစ်ဒဏ်ချမှတ်ဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။

Comments