unlimited ဖုန်းပြောနိုင်မည့် Closed User Group ၀န်ဆောင်မှုအသစ် MPT မိတ်ဆက်


သီးသန့်အဖွဲ့လိုက် သုံးစွဲလိုသူများအတွက် ရည်ရွယ်သည့် Closed User Group (CUG) ၀န်ဆောင်မှုအသစ်လား မြန်မာ့ဆက်သွယ်ရေးမှ စတင်မိတ်ဆက်ပေးလိုက်သည်။ အသုံးပြုရရိုးရှင်းပြီး သီးသန့် အဖွဲ့ဖွဲ့ကာ အဖွဲ့ဝင်အချင်းချင်း အခမဲ့စာတိုပေးပို့မှုနှင့်ဖုန်းခေါ်ဆိုမှုတို့အား MPTကွန်ရက်ကိုအသုံးပြုကာ လုံခြုံစိတ်ချစွာလုပ်ဆောင်နိုင်မည်ဟုဆိုသည်။  အဆိုပါဝန်ဆောင်မှုကို MPT ၏ GSM ၊ WCDMA (prepaid နှင့် postpaid) ၊ CDMA (prepaid) သုံးစွဲသူအားလုံး ရယူနိုင်မည်ဖြစ်သည်။ မိမိတို့အဖွဲ့၏ ပြင်ပမှ နံပါတ်များသို့ ဖုန်းခေါ်ဆိုမှုများအတွက် ပုံမှန်နှုန်းထားဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး ပါဝင်သော ဒေတာပက်ကေ့ခ်ျများနှင့် ပရိုမိုးရှင်းများကို သုံးစွဲသူတစ်ဦးချင်းစီအလိုက် ခံစားနိုင်မည် လည်း ဖြစ်သည်။
ဝန်ဆောင်မှုအတွက် အဖွဲ့လိုက်သုံးစွဲနိုင်မည့်အနည်းဆုံးဦးရေမှာ (၅) ဦးဖြစ်ပြီး အများဆုံးသုံးစွဲနိုင်မည့်ဦးရေမှာမူ အကန့်အသတ်မရှိဖြစ်သည်။ အဆိုပါဝန်ဆောင်မှုကိုရယူရန် အတွက် မိမိတို့အဖွဲ့တွင်ပါဝင်သည့် သုံးစွဲသူတစ်ဦးချင်းစီမှ လစဉ်ကြေး (၃,၀၀၀) ကျပ် ပေးသွင်းရုံဖြင့် မိမိ၏၀န်ထမ်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ပိုမိုလွယ်လင့်တကူ အမြဲထိတွေ့ဆက်ဆံနိုင်မည် ဖြစ်သည်။ ၀န်ဆောင်မှုနှင့်ပတ်သက်၍ စည်းကမ်းသတ်မှတ်ချက်အသေးစိတ်ကို ပိုမိုသိရှိလိုပါက B2B@mptjo.com.mm သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။

Comments