Virtual ကမ္ဘာတစ်ခုကို ထိတွေ့ခံစားနိုင်စေမယ့် VR Sense


Virtual ကမ္ဘာတစ်ခုကို ထိတွေ့နိုင်ပြီး အနံ့အသက်ကိုပါ ခံစားနိုင်စေမယ့် VR Sense လို့ခေါ်တဲ့ စက်တစ်မျိုးကို Koei Tecmo က မိတ်ဆက်ပြသ လိုက်ပါတယ်။
အဝတ်ဗီရို တစ်ခုအရွယ်ခန့်ရှိတဲ့ VR Sense ကို PlayStation VR နည်းပညာနဲ့ အသုံးပြုနိုင်ပါတယ်။ ဓာတ်ပုံတွေမှာတော့ သုံးစွဲသူတွေက အသေးစိတ် ပြင်ဆင်ထားတဲ့ PSVR headset တွေဝတ်ဆင်ပြီး PS Move controller တွေ ကိုင်တွယ်ထားတာကို တွေ့ရပါတယ်။ အဲ့ဒီစက်မှာ headset နဲ့ controller တွေပါဝင်မလား၊ သီးခြားဝယ်ယူ ရမလားဆိုတာကိုတော့ မသိရသေးပါဘူး။

VR Sense မှာ အမြင်အာရုံနဲ့ အကြားအာရုံအပြင် အနံ့နဲ့ အထိအတွေ့ကိုလည်း သိရှိခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းထဲမှာ ပြေးလွှားနေသလို ဒါမှမဟုတ် မြင်းစီးပြိုင်နေသလို ခံစားရစေမယ့် wind function ၊ စက်အတွင်း အပူချိန်ပြောင်းလဲ ပေးနိုင်မယ့် hot and cold function ၊ မိုးရွာသွန်းတဲ့ပုံစံ ဖန်တီးပေးမယ့် mist function နဲ့ လတ်ဆတ်တဲ့ သစ်တောကနေ မီးခိုးနံ့ရတဲ့ စစ်မြေပြင်အထိ အငွေ့အသက်တွေ ရရှိနိုင်စေမယ့် scent function တို့ ပါဝင်တယ်လို့လည်း သိရပါတယ်။
VR Sense အတွင်းမှာ ပါဝင်တဲ့ ထိုင်ခုံက လားရာအမျိုးမျိုးထံ ရွေ့လျားပေးနိုင်ပါတယ်။ ထိုင်ခုံမှာ ခိုင်မာတောင့်တင်းတဲ့ ခါးပတ်တစ်ခုပါဝင်ပါတယ်။
VR Sense အတွက် ဂိမ်းသုံးမျိုးကို ကြေညာထားပြီး အဲ့ဒီဂိမ်းတွေကတော့ Dynasty Warriors, GI Jockey Sense နဲ့ Horror Sense တို့ ဖြစ်ပါတယ်။

Comments