မြေပြင်တင်မက၊လေထဲမှာပါပျံဝဲနိုင်တဲ့ Airbus ကားပျံ


လေယာဉ်နဲ့ အာကာသ နည်းပညာ ကုမ္ပဏီ Airbus အနေနဲ့ ဂျနီဗာ ကားပြပွဲမှာ မြေပြင်တင်မက၊လေထဲမှာပါပျံဝဲနိုင်တဲ့  ကားပျံ စီမံကိန်းကို မိတ်ဆက်လိုက်ပါတယ်။ ကားပျံမှာ သီးခြား အစိတ်အပိုင်း ၃ ခု ပါရှိပြီး တစ်ခုမှာ လူ ၂ ယောက် စီးနင်းနိုင်မယ့် အခန်းငယ်နဲ့ နောက်တစ်ခုကတော့ အခန်းငယ်ကို ကုန်းပေါ်မှာ မောင်းနှင်နိုင်မယ့် ဘီးများဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ရဟတ်လေးခုပါတဲ့ Quadcopter Drone ဖြစ်ပြီး လေထဲမှာ ပျံသန်းဖို့အတွက် အခန်းငယ်ကို သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။
Airbus ဟာ ကားပျံကို ဒီဇိုင်းနဲ့ အင်ဂျင်နီယာ ကုမ္ပဏီ Italdesing နဲ့ ပူးပေါင်း တီထွင်ထားတာ ဖြစ်ပါတယ်။ ပုံစံ၂မျိုးနဲ့  သွားနိုင်တဲ့ ကားပျံကို အသုံးပြုနိုင်မယ့် သဘောတရားကိုလည်း ကုမ္ပဏီက ဗီဒီယိုဖြင့် သရုပ်ပြရှင်းလင်းခဲ့ပါတယ်။ နေရာတစ်ခုသို့ သွားချင်တဲ့ အခါမှာ Smartphone App ကနေ အလိုအလျှောက် မောင်းနှင်တဲ့ ကားကို ခေါ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကားက သင်သွားချင်တဲ့ နေရာကို လိုက်ပို့တဲ့ အခါ လမ်းမှာ ကားပိတ်ဆို့မှုများဖြစ်ပေါ်ရင် Drone က ကားပျံကို သယ်ဆောင်၍ လေထဲကနေ ပျံသန်းသွားမှာ ဖြစ်ပါတယ်။ Drone က သယ်ဆောင်တဲ့အခါမှာ ဘီးများကို မြေပြင်မှာ ချန်ထားမှာ ဖြစ်ပါတယ်။  Airbus ရဲ့ ရည်ရွယ်ချက်ဟာ မြို့အနှံ့မှာ ခရီးသည်များအတွက် သယ်ယူပို့ဆောင်ပေးမယ့် ကားပျံ အငှားယာဉ် ၀န်ဆောင်မှုကို ပံ့ပိုးပေးဖို့ ဖြစ်ပါတယ်။ Airbus က စီးနင်းသူရဲ့ အမူအကျင့်နဲ့ လက်ရှိ ယာဉ်ပိတ်ဆို့မှုများအပေါ် မူတည်၍ အကောင်းဆုံး လမ်းကြောင်းကို ကားပျံကရွေးချယ်နိုင်ဖို့အတွက် ဥာဏ်ရည်တု နည်းပညာကို အသုံးပြုထားတယ်လို့ ပြောပါတယ်။ လာမယ့် ၇ နှစ်ကနေ ၁၀ နှစ်အတွင်းမှာ အဲဒီ ၀န်ဆောင်မှုကို ပံ့ပိုးပေးဖို့ Airbus က မျှော်လင့်ထားပါတယ်။ သူ့ရဲ့ ကားပျံဟာ လက်ရှိအချိန်မှာတော့ နမူနာ ဒီဇိုင်း အဆင့်သာ ရှိပါသေးတယ်။

Comments