အစိတ်အပိုင်းများ ရှားပါးပြတ်လပ်မှုကြောင့် ကွန်ပျူတာဈေးနှုန်း ဆက်လက်မြင့်တက်မည်







ကွန်ပျူတာ အစိတ်အပိုင်းတွေ ရှားပါးပြတ်လပ်လာတာကြောင့် ကွန်ပျူတာဈေးနှုန်းများ ဆက်လက်မြင့်တက်မှာဖြစ်ပြီး ဒီအခြေအနေဟာ ၂၀၁၇ ခုနှစ်အတွင်းမှာ ပြောင်းလဲသွားဖို့ မရှိဘူးလို့ သိရပါတယ်။
DRAM, SSD, LCD နဲ့ ဘက်ထရီတွေ ရှားပါးပြတ်လပ်မှုဟာ ကွန်ပျူတာဈေးကို မြင့်တက်စေတာဖြစ်တယ်လို့ Lenovo ရဲ့ corporate president နဲ့ chief operating officer ဖြစ်သူ Gianfranco Lanci က ပြောကြားခဲ့ပါတယ်။
RAM ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက သိသိသာသာ မြင့်တက်လာတယ်လို့ PC Part Picker က ဆိုပါတယ်။ ပျှမ်းမျှဈေးနှုန်းတွေဟာ ၂၀၁၆ ခုနှစ်မှာ အပြောင်းအလဲမရှိခဲ့ဘဲ မေလမှာ 4GB အတွက် ဒေါ်လာ ၄၀ ခန့်သာ ရှိခဲ့ပေမယ့် ၂၀၁၇ ဇန်နဝါရီလမှာတော့ 4GB ရဲ့ ပျှမ်းမျှဈေးနှုန်းက ၆၅ ဒေါ်လာအထိ ရှိလာခဲ့ပါတယ်။
SSD ရဲ့ ဈေးတွေကတော့ အခုချိန်အထိ တစ်သမတ်တည်းရှိနေပေမယ့် မကြာမီမှာ မြင့်တက်လာလိမ့်မယ်လို့ Lanci က ပြောပါတယ်။
Gartner က လေ့လာဆန်းစစ်သူ Mikako Kitagawa ကလည်း အစိတ်အပိုင်းတွေ ရှားပါးပြတ်လပ်မှုကြောင့် ကွန်ပျူတာဈေးနှုန်း မြင့်တက်လိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။
ကွန်ပျူတာ ကုမ္ပဏီတွေက ကျဆင်းနေတဲ့ ကွန်ပျူတာဈေးကွက်ကနေ အမြတ်အစွန်းပိုမိုရရှိဖို့အတွက် ဈေးမြှင့်နေတာဖြစ်တယ်လို့လည်း Kitagawa က ဆိုပါတယ်။
ဒါ့အပြင် ကွန်ပျူတာ ဝယ်ယူသူတွေက ပြောင်းလဲလာကာ ဂိမ်မာတွေနဲ့ သက်ငယ်ပိုင်းအုပ်စုက ဈေးကြီးပြီး စွမ်းဆောင်ရည်မြင့်တဲ့ notebook တွေနဲ့ desktop တွေကို ဝယ်ယူဖို့ ဆန္ဒရှိလာကြတယ်လို့လည်း CIO က ပြောကြားခဲ့ပါတယ်။
ဈေးသက်သာတဲ့ ကွန်ပျူတာတွေကတော့ ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလို့ Kitagawa က ဆိုပါတယ်။ ဈေးကွက်ဟာ တိုးတက်လာမှုမရှိသလို ထုတ်လုပ်သူတွေကို ဆွဲဆောင်မှု မရှိပေမယ့်လည်း ဈေးသက်သာတဲ့ laptop တွေက ဆက်ရှိနေဦးမှာဖြစ်တယ်လို့ Kitagawa က ပြောကြားခဲ့ပါတယ်။

Comments