ကလေးတွေရဲ့ ဖုန်းသုံးစွဲမှုကို စောင့်ကြည့်ပေးမယ့် Family Link Android app ကို Google မိတ်ဆက်


ကလေးငယ်တွေက screen ကို အချိန်အတော်များများ ကြည့်ရှုတဲ့အခါ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အဲ့ဒီအတွက် ကလေးငယ်တွေရဲ့ screen သုံးစွဲမှုကို မိဘတွေက စောင့်ကြည့်ရာမှာ အထောက်အကူ ဖြစ်စေမယ့် app တစ်ခုကို Google က ဖြန့်ချိပေးလိုက်ပါတယ်။
Family Link လို့ခေါ်တဲ့ app သစ်ဟာ အပတ်စဉ်နဲ့ လစဉ် အစီရင်ခံစာတွေကို မိဘများထံ ထောက်ပံ့ပေးနိုင်သလို ကလေးငယ်တွေရဲ့ device သုံးချိန်ကိုလည်း သတ်မှတ်ထားနိုင်စေပါတယ်။
ဒါ့အပြင် မိဘတွေက စမတ်ဖုန်းကို အဝေးကနေ lock ပြုလုပ်နိုင်သလို ကလေးတွေရဲ့ တည်နေရာကိုလည်း စစ်ဆေးနိုင်ပါတယ်။
“ကိုယ့်ရဲ့ကလေးက Android ထုတ်ကုန်ကို ပထမဆုံးသုံးစွဲဖို့ အသင့်ဖြစ်နေပြီဆိုရင် Family Link က ကလေးအတွက် Google Account တစ်ခု ဖန်တီးခွင့် ပေးပါလိမ့်မယ်။ ဒါ့အပြင် ကလေးတွေသုံးလို့ရမယ့် app တွေ၊ screen ကြည့်ချိန်နဲ့ အိပ်ချိန် သတ်မှတ်တာတွေကို မိဘတွေက ထိန်းချုပ်ပြုလုပ်နိုင်ပါလိမ့်မယ်” လို့ Google က ပြောကြားခဲ့ပါတယ်။
Family Link ကို သုံးဖို့အတွက် ကလေးတွေသုံးမယ့် ထုတ်ကုန်မှာ Android Nougat (7.0) နဲ့အထက် အသုံးပြုထားဖို့ လိုအပ်ပါတယ်။

အဲ့ဒီနောက် app ကို download လုပ်ပြီး ကလေးအတွက် Google Account တစ်ခု ဖန်တီးရပါမယ်။
နောက်ဆုံးမှာတော့ ကလေးသုံးမယ့် ထုတ်ကုန်သစ်မှာ sign in လုပ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် မိဘတွေကလည်း Family Link ကို အသုံးပြုနိုင်ပါတယ်။
မိဘတွေက ကလေးတွေနဲ့ မသင့်တော်တဲ့ app တွေကို Google Play Store ကနေ download မလုပ်မီ block လုပ်ခြင်း၊ approve လုပ်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။
ကလေးတွေက သူတို့နှစ်သက်တဲ့ app တွေသုံးစွဲတဲ့ အချိန်ပမာဏကိုလည်း လစဉ် ဒါမှမဟုတ် အပတ်စဉ် သိရှိနိုင်ပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့ နေ့စဉ် screen ကြည့်ရှုချိန်ကိုလည်း ကန့်သတ်ထားနိုင်ပါတယ်။
ကလေးတွေရဲ့ ကစားချိန်၊ စာလေ့လာချိန်နဲ့ အိပ်ချိန်တို့ကို သတ်မှတ်ပြီး စမတ်ဖုန်းကို အဝေးကနေ lock လုပ်နိုင်သလို အိပ်ချိန်ရောက်တဲ့အခါမှာ ဖုန်းကို လုံးဝပိတ်ပစ်တာမျိုးလည်း ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

Comments