Google Pixel 2 ကို ယခုနှစ်ကုန်ပိုင်းတွင် ဖြန့်ချိသွားမည်


Pixel စမတ်ဖုန်း နေရာဆက်ခံမယ့် Pixel 2 ကို ဒီနှစ်ကုန်ပိုင်းမှာဖြန့်ချိသွားမယ်လို့ Google ကုမ္ပဏီရဲ့ စီနီယာဒုဥက္ကဋ္ဌ Rick Osterloh က Mobile World Congress 2017 မှာ ထုတ်ဖော်ပြောကြား လိုက်ပါတယ်။
“မျိုးဆက်သစ် Pixel စမတ်ဖုန်းကို ဒီနှစ်ထဲမှာ တွေ့မြင်ရပါမယ်။ ဒါပေမဲ့အချိန်အတိအကျကိုတော့ မပြောနိုင်သေးပါဘူး” လို့ Osterloh က မီဒီယာများထံ ပြောကြားခဲ့ပါတယ်။
Google အနေနဲ့ Pixel 2 ကို အရည်အသွေးအမြင့်ဆုံး ဟန်းဆက်အနေနဲ့သာ ထုတ်လုပ်သွားမှာဖြစ်ပြီး ဘတ်ဂျက် Pixel စမတ်ဖုန်းထုတ်လုပ်မယ့် အစီအစဉ်မရှိဘူးလို့ Osterloh က ဆိုပါတယ်။
ကောလာဟလသတင်းမှာတော့ Google Pixel 2 စမတ်ဖုန်းရဲ့ကျောဘက်ကို မှန်နဲ့ပြုလုပ်ထားပြီး လက်ဗွေစနစ်ပါဝင်ကာ ဖုန်းရဲ့အောက်ခြေဘက်မှာ USB Type-C port တစ်ခုနဲ့အတူ ၃.၅ မီလီမီတာ နားကြပ်ပေါက်ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ အချို့သတင်းတွေမှာတော့ ၅ လက်မ 2K display, 6GB RAM နဲ့ ဒုတိယမျိုးဆက် Daydream VR ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
Google က ဘတ်ဂျက်စမတ်ဖုန်းထုတ်ဖို့ အစီအစဉ်မရှိဘူးလို့ Osterlon က ပြောကြားခဲ့ပေမယ့် ကုမ္ပဏီအနေနဲ့ Pixel 2B လို့ခေါ်တဲ့ ဈေးသက်သာတဲ့မော်ဒယ်တစ်မျိုးကို စမ်းသပ်နေဆိုတဲ့ သတင်းတွေပျံ့နှံ့နေပါတယ်။ အဲ့ဒီသတင်းတွေမှာ ကုမ္ပဏီအနေနဲ့ Pixel 2 ကို ဖြန့်ချိပြီး သိပ်မကြာခင် ဘတ်ဂျက် Pixel စမတ်ဖုန်းကို ဖြန့်ချိသွားမယ်လို့ ဖော်ပြထားပါတယ်။

Comments