ရေချိုးရင်း iPhone အားသွင်းသူ ဓာတ်လိုက်သေဆုံး


iPhone ကို extension cord တစ်ခုမှာ တပ်ဆင်ထားပြီး charger ကို ရင်ဘတ်ပေါ်တင်ရင်း ရေချိုးကန်ထဲမှာ ရေချိုးတဲ့ ဗြိတိန်အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသွားခဲ့ပါတယ်။
Richard Bull ရဲ့ သက်မဲ့ခန္ဓာကို ပြင်းထန်တဲ့မီးလောင်ဒဏ်ရာတွေနဲ့အတူ သူ့ရဲ့အမျိုးသမီးက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ရဲတွေရောက်ရှိလာတဲ့အခါမှာတော့ လျှောက်လမ်းကနေ ရေချိုးခန်းတစ်လျှောက် သွယ်တန်းထားတဲ့ extension coard တစ်ခုကို တွေ့ရှိခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။
“iPhone အားသွင်းထားတဲ့ extension cable တစ်ခုနဲ့ ရေချိုးခန်းထဲက charger ကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။ Extension cable ကို ကြမ်းပြင်ပေါ်မှာ တွေ့ရှိခဲ့တာပါ။ ဒါပေမဲ့ သူက ဖုန်း charger ကို ရင်ဘတ်ပေါ်တင်ထားခဲ့ပါတယ်။ ဖုန်း charger နဲ့ cable ကြားက အစိတ်အပိုင်းက ရေနဲ့ထိတွေ့ခဲ့ပါတယ်” လို့ Bull ရဲ့ သေဆုံးမှုကို စစ်ဆေးတဲ့ PC Craig Pattinson က ပြောကြားခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုအစီရင်ခံစာမှာတော့ အသက် ၃၂ နှစ်အရွယ် Bull ရဲ့ သေဆုံးရခြင်းဟာ မတော်တဆ ဓာတ်လိုက်မှုကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဖုန်းတွေကို ရေနားမှာအသုံးပြုတဲ့အခါ hairdryer တွေလို အန္တရာယ်ရှိတယ်ဆိုတာကို လူတွေက သတိမထားမိကြဘူးလို့ သေမှုသေခင်းစုံစမ်းစစ်ဆေးရေးအရာရှိတစ်ဦးဖြစ်တဲ့ Dr. Sean Cummings က ပြောပါတယ်။
“ဖုန်းထုတ်လုပ်သူတွေအနေနဲ့ သတိပေးချက်တွေ ထည့်သွင်းဖော်ပြသင့်ပါတယ်။ ကျွန်တော့်အနေနဲ့ အစီရင်ခံစာတစ်ခုကို ဖုန်းထုတ်လုပ်သူတွေထံ ပေးပို့သွားဖို့ ရည်ရွယ်ထားပါတယ်” လို့ Dr. Sean Cummings က ပြောကြားခဲ့ပါတယ်။

Comments