Nokia 6, Nokia 5 နဲ့ Nokia 3 တို့ရဲ့ ကွာခြားချက်များ







ဘာစီလိုနာမှာကျင်းပပြုလုပ်ခဲ့တဲ့ Mobile World Congress 2017 မှာ Nokia က Android စမတ်ဖုန်း ၃ မျိုးကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ အဲ့ဒီ စမတ်ဖုန်း ၃ မျိုးကတော့ ၂၀၁၇ အစောပိုင်းက တရုတ်နိုင်ငံမှာမိတ်ဆက်ပေးခဲ့တဲ့ Nokia 6 နဲ့ Nokia 5, Nokia 3 မော်ဒယ်သစ်တို့ ဖြစ်ပါတယ်။
ဒီစမတ်ဖုန်းတွေကို HTC 10 နဲ့ Samsung Galaxy S7 တို့လို flagship ဖုန်းတွေနဲ့ ယှဉ်ပြိုင်ဖို့ ထုတ်လုပ်ထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီစမတ်ဖုန်းတွေက ယူရို ၁၀၀ ကနေ ယူရို ၃၀၀ အတွင်းနဲ့ရနိုင်မယ့် mid-range စမတ်ဖုန်းများဖြစ်ပါတယ်။
ဒါကြောင့် Nokia စမတ်ဖုန်းသစ်ကို ဝယ်ယူလိုသူများအနေနဲ့ Nokia 6, Nokia 5 နဲ့ Nokia 3 တို့ရဲ့ ခြားနားချက်တွေကို ဖော်ပြလိုက်ပါတယ်။
Design
Nokia စမတ်ဖုန်းသစ် သုံးမျိုးထဲမှာ Nokia 6 က အရွယ်အကြီးဆုံးဖြစ်ပါတယ်။ Nokia 6 နဲ့ Nokia 5 မှာ သတ္တုကိုယ်ထည်ပါဝင်ပြီး Nokia 3 ရဲ့ ကျောဘက်မှာတော့ polycarbonate ကို အသုံးပြုထားပါတယ်။ စမတ်ဖုန်းအားလုံးရဲ့ display ကို Gorilla Glass နဲ့ ကာကွယ်ထားပါတယ်။ အားလုံးကို အရောင်မျိုးစုံနဲ့ ရရှိနိုင်ပြီး Nokia 6 မှာတော့ Arte Black special edition နဲ့ပါ ရရှိနိုင်ပါတယ်။
Display
Nokia 6 မှာ ၅.၅ လက်မ 1920 x 1080 pixel display ပါဝင်ပြီး pixel သိပ်သည်းဆ 403ppi ဖြစ်ပါတယ်။ Nokia 5 ရဲ့ display က ၅.၂ လက်မ 1280 x 720 pixel ဖြစ်ပြီး pixel သိပ်သည်းဆက 282ppi ပါ။ Nokia 3 မှာတော့ ၅ လက်မ 1280 x 1080 pixel display, 284ppi ပါဝင်ပါတယ်။
အားလုံးက IPS LCD ဖြစ်ပေမယ့် Nokia 6 က resolution ရော အရွယ်အစားမှာပါ အကောင်းဆုံးဖြစ်ပါတယ်။
Hardware
Hardware ပိုင်းမှာ Nokia 6 နဲ့ Nokia 5 က အလွန်တူညီပြီး Qualcomm Snapdragon 430 chipset ကို အသုံးပြုထားပါတယ်။ ဒါပေမဲ့ Nokia 6 နဲ့ RAM နဲ့ storage အများဆုံးဖြစ်ပြီး 3GB RAM, 32GB storage နဲ့ ရရှိနိုင်ပါတယ်။ Arte Black ကိုတော့ 64GB နဲ့ ရနိုင်ပါတယ်။
Nokia 3 မှာတော့ MediaTek 6737 chipset ကို အသုံးပြုထားပြီး 2GB RAM, 16GB storage ထောက်ပံ့ပေးထားပါတယ်။ Nokia 5 ကိုလည်း 2GB RAM နဲ့ 16GB storage နဲ့ပဲ ရနိုင်ပါတယ်။ Nokia ဖုန်းအားလုံးမှာ သိုလှောင်မှုပမာဏတိုးမြှင့်နိုင်ဖို့အတွက် microSD card ကို ထောက်ပံ့ပေးထားပါတယ်။
Nokia 6 နဲ့ Nokia 5 မှာ fingerprint scanner ပါဝင်ပေမယ့် Nokia 3 မှာတော့ ပါဝင်ခြင်း မရှိပါဘူး။
ဖုန်းအားလုံးမှာ အားသွင်းဖို့အတွက် Micro-USB နဲ့ ၃.၅ မီလီမီတာ နားကြပ်ပေါက်တို့ ပါဝင်ပါတယ်။
Software
Software အပိုင်းမှာတော့ ကွာခြားချက်မရှိပါဘူး။ ဖုန်းအားလုံးမှာ pure Android Nougat ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် security update တွေကို လစဉ်ဖြန့်ချိသွားမှာဖြစ်သလို software ရဲ့ နောက်ဆုံးပေါ်ဗားရှင်းကိုလည်း ဖြန့်ချိပေးသွားမယ်လို့ Nokia က ကတိပြုထားပါတယ်။ ဒါ့အပြင် bloatware လို ကြိုတင်ထည့်သွင်းထားတဲ့ application တွေလည်း မပါဝင်ပါဘူး။ Stock Android မှာ ပြုလုပ်ထားတဲ့ တစ်ခုတည်းသောအပြောင်းအလဲက Camera app ဖြစ်ပါတယ်။
Cameras
Nokia 6 မှာ 16-megapixel ကျောဘက်ကင်မရာပါဝင်ပြီး phase detection autofocus, f/2.0, dual tone LED flash တို့နဲ့ ရိုက်ကူးနိုင်ပါတယ်။
Nokia 5 ရဲ့ ကင်မရာကတော့ 13-megapixel ဖြစ်ပြီး dual tone LED flash, phase detection AF, f/2.0 နဲ့ ရိုက်ကူးနိုင်ပါတယ်။
Nokia 3 မှာတော့ 8-megapixel ကင်မရာပါဝင်ပြီး f/2.0 နဲ့ ရိုက်ကူးနိုင်ပါတယ်။
ဖုန်းအားလုံးရဲ့ အရှေ့ဘက်ကင်မရာက 8-mgapixel ဖြစ်ပြီး selfie ဓာတ်ပုံတွေကို wide angle နဲ့ ရိုက်နိုင်ပါတယ်။
Price
Nokia 6 ရဲ့ တန်ဖိုးက ၂၂၉ ယူရိုပါ။ Arte Black မော်ဒယ်အတွက်က ၂၉၉ ယူရိုကျသင့်မှာ ဖြစ်ပါတယ်။ Nokia 5 နဲ့ Nokia 3 ရဲ့တန်ဖိုးက ၁၈၉ ယူရိုနဲ့ ၁၃၉ ယူရို ဖြစ်ပါတယ်။

Comments