Snapchat ပုံစံ Stories ကို News Feed မှာ ထည့်သွင်းလိုက်တဲ့ Facebook


Snapchat ပုံစံ နောက်ထပ် feature တစ်မျိုးကို Facebook က ကုမ္ပဏီရဲ့ကိုယ်ပိုင် app မှာ မိတ်ဆက်ပေးလိုက်ပါတယ်။
Facebook Stories ဟာ Instagram Stories လို ၂၄ နာရီအတွင်း ပျောက်ကွယ်သွားမယ့် content တွေကို News Feed ရဲ့ အပေါ်မှာ horizontal layout တစ်ခုနဲ့ ပြသသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် app အတွင်းမှာ Direct လို့ခေါ်တဲ့ section သစ်တစ်ခု ပါဝင်လာပါတယ်။ အဲ့ဒီ section သစ်ဟာ one-to-one group messaging အတွက် Snapchat ရဲ့ feed နဲ့ အလွန်ဆင်တူပါတယ်။
“ဒီ feature ကို WhatsApp, Instagram, Messenger တို့မှာ ထည့်သွင်းခဲ့သလို Facebook ပေါ်မှာလည်း စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ လူတွေက အကြောင်းအရာအမျိုးမျိုးနဲ့ ပတ်သက်ပြီး stories သုံးရတာကို နှစ်သက်ကြတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ app တွေအားလုံးမှာ ဒီနည်းလမ်းနဲ့ ဝေမျှနိုင်မယ့် option တစ်ခုပေးဖို့ ဆန္ဒရှိပါတယ်။ လတ်တလောမှာ ကင်မရာကို Chile, Vietnam နဲ့ Greece တို့မှာ စမ်းသပ်နေပါတယ်” လို့ Facebook ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
Update သစ်မှာ app ထဲက icon အချို့ကိုလည်း အပြောင်းအလဲပြုလုပ်ထားပါတယ်။
အခုအခါမှာ Messenger shortcut ကို အရင် Marketplace နေရာမှာ ထည့်သွင်းထားပြီး Stories ဖန်တီးမယ့်နေရာမှာ ကင်မရာ icon တစ်ခုကို ထည့်သွင်းထားပါတယ်။
Direct ကိုတော့ ညာဘက်ထိပ်ထောင့်မှာ ထည့်သွင်းထားပါတယ်။
Facebook Stories ကို Instagram Stories လိုပဲ အသုံးပြုနိုင်ပြီး သုံးစွဲသူတွေက ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို သူငယ်ချင်းတွေ ကြည့်ရှုနိုင်ဖို့အတွက် ထည့်သွင်းထားနိုင်ပါတယ်။ အဲ့ဒီ ဓာတ်ပုံနဲ့ ဗီဒီယိုတွေဟာ ၂၄ နာရီ ပြည့်သွားတာနဲ့ ပျောက်သွားမှာ ဖြစ်ပါတယ်။
Mask နဲ့ frame တွေလို camera effect တွေ ထည့်သွင်းထားပြီး သူငယ်ချင်းတွေက stories မှာ အကြောင်းပြန်ကြားချက်တွေ ပြုလုပ်နိုင်ပါတယ်။ အဲ့ဒီ message တွေကို သုံးစွဲသူတွေက Direct ကနေ လက်ခံနိုင်ပါတယ်။
သုံးစွဲသူတွေ တင်လိုက်တဲ့ stories ကို Instagram လိုမျိုး app ရဲ့ ထိပ်ဘက်ပိုင်းမှာ ပြသသွားမှာ ဖြစ်ပါတယ်။
Facebook ဟာ Instagram မှာ Stories ကို ဖြန့်ချိပေးခဲ့ပြီးနောက် Snapchat ပုံစံလိုက်လုပ်တယ်ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီ feature ကို Messenger နဲ့ WhatsApp မှာ ထပ်မံထည့်သွင်းခဲ့ပါတယ်။
Facebook အနေနဲ့ Snapchat ကို ၂၀၁၃ ခုနှစ်က ဒေါ်လာ ၃ ဘီလျံနဲ့ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ ကမ်းလှမ်းချက်ကို Snapchat က ပယ်ချခဲ့ပြီးတဲ့နောက် Facebook က အခုလိုမျိုး feature တွေ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

Comments