Apple MacBook ကဲ့သို့ ပါးလွှာပေါ့ပါးတဲ့ Matebook X ကို Huawei မိတ်ဆက်


Apple MacBook လို ပါးလွှာပေါ့ပါးတဲ့ သတ္တုကိုယ်ထည်၊ fanless ဒီဇိုင်းတို့နဲ့ ဖန်တီးထားတဲ့ Matebook X laptop သစ်တစ်မျိုးကို Huawei က မိတ်ဆက်ကြေညာ လိုက်ပါတယ်။ ဒါ့အပြင် Matebook D laptop နဲ့ Matebook E Windows 10 tablet ကိုလည်း Huawei က မိတ်ဆက်ပေးခဲ့ပါတယ်။




အမှတ်တမဲ့ကြည့်လိုက်ရင် Matebook X ကို Macbook နဲ့ အမှတ်မှားနိုင်ပါတယ်။ ဒီ ၁၃ လက်မ Windows 10 notebook ကို “microencapsulated phase change material” နဲ့ ဖန်တီးထားပြီး စက်ကထုတ်လွှတ်တဲ့ အပူချိန်ကို ကောင်းစွာစုပ်ယူနိုင်ဖို့အတွက် တည်ဆောက်ဖန်တီးထားတာကြောင့် အခြား laptop တွေလို အပူလွန်ကဲမှု မဖြစ်နိုင်ဘူးလို့ Huawei က ပြောကြားခဲ့ပါတယ်။ အထူက ၁၂.၅ မီလီမီတာဖြစ်ပြီး အထူ ၁၃.၁ မီလီမီတာရှိတဲ့ Macbook ထက် အနည်းငယ် ပါးလွှာပါတယ်။ Matebook X ကို space gray နဲ့ prestige gold ဆိုပြီး အရောင်နှစ်မျိုးနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ အဲ့ဒီ အရောင်နှစ်မျိုးအပြင် rose gold ဗားရှင်းကိုပါ ရရှိမှာဖြစ်ပါတယ်။
Matebook X မှာ USB Type-C port နှစ်ခု ပါဝင်ပါတယ်။ ဒါ့အပြင် USB Type-A port တစ်ခု၊ HDMI port တစ်ခု၊ VGA port တစ်ခုနဲ့ USB Type-C port တစ်ခု ထပ်ဆောင်းပါဝင်တဲ့ Mate dock သစ်တစ်ခုကိုလည်း ထောက်ပံ့ပေးထားပါတယ်။

Matebook X ရဲ့ display က 2160×1440-pixel ဖြစ်ပြီး bezel က ၄.၄ မီလီမီတာသာ ရှိပါတယ်။ အရွယ်အစားပြည့် backlit keyboard နဲ့ Precision Touchpad ပါဝင်ပြီး ပါဝါခလုတ်ကိုတော့ ညာဘက်ထိပ်နားမှာ ထည့်သွင်းပေးထားပါတယ်။ ပါဝါခလုတ်ကို fingerprint sensor တစ်ခုအနေနဲ့ အသုံးပြုနိုင်တာကြောင့် laptop ကိုဖွင့်ပြီး တစ်ချက်နှိပ်ရုံနဲ့ log in လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေရဲ့ လက်ဗွေအမျိုးမျိုးကို သိရှိနိုင်တာကြောင့် laptop ပေါ်မှာ account ရှိသူများအနေနဲ့ လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။
Matebook X ကို Core i5 နဲ့ i7 Kaby Lake processor တွေနဲ့ ရနိုင်ပါတယ်။ 256GB ဒါမှမဟုတ် 512GB SSD နဲ့ရနိုင်သလို 4GB နဲ့ 8GB LPDDR3 RAM နဲ့ရနိုင်ပါတယ်။ မော်ဒယ်တိုင်းမှာ Intel HD 620 graphics နဲ့ 41.4Whr ဘက်ထရီပါဝင်ပြီး အားတစ်ကြိမ်သွင်းရုံနဲ့ ၁၀ နာရီကြာ အသုံးပြုနိုင်မယ်လို့ Huawei က ပြောကြားခဲ့ပါတယ်။




စပီကာတွေအတွက် Dolby နဲ့ပူးပေါင်းဖန်တီးထားတဲ့အတွက် Matebook X မှာ ပိုကောင်းတဲ့ အသံအရည်အသွေးကို ရရှိနိုင်မယ်လို့ သိရပါတယ်။
ဒါ့အပြင် Huawei က 2-in-1 device ဖြစ်တဲ့ Matebook E ကို မိတ်ဆက်ပေးခဲ့ပါတယ်။ Original Matebook ကို အဆင့်မြှင့်ထားတဲ့ Matebook E ရဲ့ keyboard cover ပေါ်မှာ kickstand သစ်တစ်ခုပါဝင်လာပြီး fully backlit keyboard, magnetic connector သုံးခုတို့နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီသက်တမ်းက ၉.၅ နာရီ ဖြစ်ပါတယ်။




Matebook D ကတော့ ၁၅ လက်မ multimedia laptop ဖြစ်ပြီး aluminum alloy ဒီဇိုင်းနဲ့ ဖန်တီးထားပါတယ်။ Core i5, i7 processor တွေနဲ့ရရှိနိုင်ပြီး Nvidia GeForce 940MX graphics, 2GB GDDR5 video memory နဲ့ 43.3Whr ဘက်ထရီတို့ကို ထောက်ပံ့ပေးထားပါတယ်။
ဒီ Matebook သစ်အားလုံးကို နွေရာသီမှာ တင်ပို့ရောင်းချသွားမယ်လို့ ဆိုပါတယ်။ တန်ဖိုးက Matebook X အတွက် ၁,၅၆၉ ဒေါ်လာနဲ့ စတင်မှာဖြစ်ပါတယ်။ Matebook E ကတော့ ဒေါ်လာ ၁,၁၂၀ နဲ့စတင်မှာဖြစ်ပြီး Matebook D ကတော့ ၈၉၆ ဒေါ်လာနဲ့ စတင်မယ်လို့ သိရပါတယ်။

Credit # Internet Journal





Comments