ဘက်ထရီသက်တမ်း နှစ်ရက်အထိ အသုံးပြုနိုင်သော ဘေးဘောင်မဲ့ Mi Max 2 စမတ်ဖုန်းကို Xiaomi မိတ်ဆက်




တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ဟာ ပြီးခဲ့တဲ့နှစ်က ဘေးဘောင်မဲ့ Mi Max စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အခုအခါ တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ပွဲမှာ Mi Max 2 ကိုထုတ်ဖော်ပြသသွားပါတယ်။ Mi Max 2 စမတ်ဖုန်းကို ဇွန်လ ၁ ရက်မှာ ယွမ် ၁၆၉၉ (ဒေါ်လာ ၂၄၇) နဲ့ရောင်းချမှာ ဖြစ်ပါတယ်။
မူလ Mi Max ဖုန်းအလုံးရေ ၃ သန်းအထိ ရောင်းချခဲ့ရတယ်လို့ Xiaomi ကထုတ်ပြန်ခဲ့ပါတယ်။ Mi Max 2 ဖုန်းမှာ အဓိကလူကြိုက်များလာနိုင်မဲ့ အချက်က ဘက်ထရီ 5300 mAh အထိ ပါဝင်လာပြီး အားတစ်ခါသွင်းရင် ၂ ရက်အထိ အသုံးပြုနိုင်ပါမယ်။ Mi Max 2 ကိုအားသွင်းရင် တစ်နာရီအတွင်း ၆၈ ရာခိုင်နှုန်း အထိ ရောက်ရှိပြီး အဲဒီပမာဏနဲ့ ဗီဒီယိုကို ၁၈ နာရီ ကြည့်ရှုနိုင်သလို ၅၇ နာရီအထိ ဖုန်းပြောဆိုနိုင်ပါတယ်။
Mi Max 2 ကိုယ်ထည်ကို သတ္တုစပ်ကိုယ်ထည် အသုံးပြုထားပြီး မျက်နှာပြင်အရွယ်အစားကတော့ ၆.၄၄ လက်မ ဖြစ်ပါတယ်။ RAM 4GB ပါဝင်ပြီး storage 64GB နဲ့ 128GB မော်ဒယ်နှစ်မျိုးရှိကာ သိုလှောင်မှုပမာဏ များပြားတဲ့ Mi Max 2 မော်ဒယ်မှာ ယွမ် ၁၉၉၉ (ကန်ဒေါ်လာ ၂၉၀) ကျသင့်နိုင်ပါတယ်။ ကင်မရာပိုင်းက ကျောဘက် 12MP နဲ့ ရှေ့ဘက် 5MP ပါဝင်လာပါတယ်။ စတီရီယိုစပီကာတွေပါဝင်သလို ကျောဘက်မှာလည်း fingerprint sensor တစ်ခုပါဝင်ပြီး octacore 2.0 GHz Qualcomm Snapdragon 625 chipset အသုံးပြုထားပါတယ်။
Xiaomi က MI UI မှာ လက်တစ်ဖက်တည်းနဲ့ ဖုန်းအသုံးပြုနိုင်မဲ့ one-handed mode ကိုထည့်ထားပြီး မကြာခင်မှာ “split screen” feature ကိုထည့်သွင်းမယ်လို့ သိရပါတယ်။ Xiaomi အနေနဲ့ Mi Max 2 ကိုနိုင်ငံတကာမှာ ဖြန့်ချိဖို့ အစီအစဉ်ရှိ၊ မရှိ မသိရသေးပါဘူး။

Credit # Internet Journal

Comments