Nokia 6, Nokia 5 နဲ့ Nokia 3 စမတ်ဖုန်းတွေကို အိန္ဒိယတွင် တရားဝင်မိတ်ဆက်


ဖင်လန် startup ကုမ္ပဏီ HMD Global ဟာ Nokia 6, Nokia 5 နဲ့ Nokia 3 စမတ်ဖုန်းတွေကို အိန္ဒိယမှာ တရားဝင်မိတ်ဆက် ခဲ့ပါတယ်။ Nokia 3 နဲ့ Nokia 5 ဖုန်းကို ရူပီး ၉,၄၉၉ (ဒေါ်လာ ၁၄၇) နဲ့ ရူပီး ၁၂,၈၉၉ (ဒေါ်လာ ၂၀၀) အသီးသီးနဲ့ လက်လီအရောင်းဆိုင်တွေကနေ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ တန်ဖိုးကြီး Nokia 6 စမတ်ဖုန်းကိုတော့ ရူပီး ၁၄,၉၉၉ (ဒေါ်လာ ၂၃၃) နဲ့ Amazon India ကနေ ရောင်းချသွားမှာ ဖြစ်ပါတယ်။
Nokia 3, Nokia 5 နဲ့ Nokia 6 စမတ်ဖုန်းဟာ အိန္ဒိယမှာ ထုတ်လုပ်ထားတာပါ။ Nokia 3 စမတ်ဖုန်းကို ဇွန်လ ၁၆ ရက်မှာ စတင်ရောင်းချမှာဖြစ်ပြီး Nokia 5 ကိုတော့ ဇူလိုင်လ ၁၄ ရက်မှာ ကြိုတင်မှာယူဖို့ စာရင်းပေးသွင်းနိုင်တယ် လို့ သိရပါတယ်။
Nokia 6 မှာ ၅.၅ လက်မအရွယ် Full HD IPS display နဲ့ သတ္တုစပ်ကိုယ်ထည်ဒီဇိုင်းကို အသုံးပြုထားပါတယ်။ မျက်နှာပြင်မှာ Sculpted Corning Gorilla Glass ကို အသုံးပြုထားပါတယ်။ မျက်နှာပြင် pixel သိပ်သည်းဆ 430 ppi ရှိပြီး နေရောင်အောက်မှာ စာဖတ်နိုင်တဲ့ feature ပါဝင်ပါတယ်။ Nokia 6 မှာ Qualcomm Snapdragon 430 ပရိုဆက်ဆာ၊ RAM 3GB နဲ့ storage 32GB ပါဝင်သလို 128GB အထိ တိုးမြှင့်သုံးနိုင်ပါတယ်။
Nokia 6 အတွက် Arte Black ကိုလည်း ကန့်သတ်အရေအတွက်နဲ့ ရောင်းချပေးသွားမှာပါ။ အဲဒီ edition မှာ RAM 4GB နဲ့ storage 64GB ပါဝင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Arte Black မော်ဒယ် ဖြန့်ချိမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။ ကင်မရာအပိုင်းမှာတော့ ကျောဘက်မှာ 16MP နဲ့ ရှေ့ဘက်မှာ 8MP ပါဝင်တယ်။ ဒါ့အပြင် ဘက်ထရီ 3,000mAh နဲ့ micro-USB charging port လည်းပါဝင်လာပါတယ်။
Nokia 5 မျက်နှာပြင်ကပိုသေးပြီး ၅.၂ လက်မ HD IPS display နဲ့ 2.5D Corning Gorilla Glass အသုံးပြုထားတယ်။ Nokia 5 မှာလည်း Nokia 6 လိုမျိုး Snapdragon 430 ပရိုဆက်ဆာ၊ RAM 2GB နဲ့ storage 16GB ပါဝင်တယ်။ ကျောဘက်ကင်မရာ 13MP နဲ့ရှေ့ဘက် 8MP ပါဝင်တယ်။ ဘက်ထရီကလည်း Nokia 6 လိုမျိုး 3,000mAh ဖြစ်ပါတယ်။ LTE ထောက်ပံ့မှုနဲ့ fingerprint sensor ပါဝင်လာပါတယ်။
တန်ဖိုးနည်း Nokia 3 စမတ်ဖုန်းမှာ ပလတ်စတစ်ကိုယ်ထည်အသုံးပြုထားပါတယ်။ မျက်နှာပြင်အရွယ်က ၅ လက်မ ဖြစ်ပြီး 2.5D sculpted Gorilla Glass အသုံးပြုထားပါတယ်။ Nokia 3 မှာတော့ 1.3Ghz MediaTek MTK 6737 quad-core ပရိုဆက်ဆာ၊ RAM 2GB နဲ့ storage 16GB ပါဝင်သလို 128GB အထိ တိုးချဲ့အသုံးပြုနိုင်ဖို့ microSD slot ပါဝင်ပါတယ်။ ကျောဘက်နဲ့ရှေ့ဘက်ကင်မရာက 8MP ဖြစ်ပြီး LED flash ထည့်သွင်းထားပါတယ်။ Nokia 3 မှာ 2,650mAh ဘက်ထရီနဲ့ အားသွင်းဖို့ Micro USB (USB 2.0) အသုံးပြုထားပါတယ်။
Nokia ရဲ့စမတ်ဖုန်းသစ်အားလုံးမှာ Android 7.0 ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ဖုန်းတွေအားလုံးအတွက် Android O update ကိုထောက်ပံ့ပေးသွားမယ်လို့ HMD Global က ပြောကြားထားပါတယ်။

Comments