၁၃.၃ လက်မ Xiaomi Mi Notebook Air သစ် အချက်အလက်များ ပေါက်ကြားထွက်ပေါ်လာ

Xiaomi အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လက Mi Notebook Air ကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒုတိယမြောက်မျိုးဆက် Mi Notebook Air နဲ့ပတ်သက်တဲ့ အကြမ်းဖျင်းမိတ်ဆက်မှုနဲ့ ပေါက်ကြားမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း 4G အထောက်အပံ့ပါဝင်တဲ့ Mi Notebook Air ကို ဖြန့်ချိခဲ့ပါတယ်။
အခုအခါမှာတော့ Xiaomi က မျက်နှာပြင် ၁၃.၃ လက်မအရွယ် Mi Notebook Air ထုတ်ကုန်သစ်ကို မိတ်ဆက်ဖို့ရှိနေပါတယ်။ Mi Notebook Air ထုတ်ကုန်သစ်ရဲ့ trackpad ထောင့်မှာ fingerprint reader တစ်ခု ပါဝင်လာဖွယ်ရှိပါတယ်။ သတ္တမမြောက်မျိုးဆက် Core i5-7200U နဲ့အတူ အမြင့်ဆုံး clockspeed 3.1GHz နဲ့ GeForce MX150 အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ MX 150 ဟာ NVIDIA ရဲ့ entry-level အဆင့်ရှိတဲ့ Pascal laptop ချစ်ပ်တစ်ခုဖြစ်ပြီး လက်ရှိ Mi Notebook Air မှာပါဝင်တဲ့ 940MX ထက် စွမ်းဆောင်ရည် သုံးဆ ပိုမြင့်မားပါတယ်။

Mi Notebook Air မှာ RAM 8GB, solid stae storage 128GB ဒါမှမဟုတ် 256GB နှစ်သက်ရာ ရွေးချယ်နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Xiaomi ရဲ့ Mi Notebook Air မှာ Bluetooth 4.0, USB-C port တစ်ခု, USB 3.0 Type A port နှစ်ခု, HDMI port တစ်ခုနဲ့ ဘက်ထရီ ၅၀ ရာခိုင်နှုန်းကို နာရီဝက်အတွင်း အားသွင်းနိုင်မယ့် Type-C fast charge ထောက်ပံ့မှုပါဝင်မယ်လို့ ဆိုပါတယ်။ မျိုးဆက်သစ် Mi Notebook Air ဒီဇိုင်းပိုင်းက အပြောင်းအလဲရှိပုံ မပေါ်ပါဘူး။
ပေါက်ကြားထွက်ပေါ်လာတဲ့ အချက်အလက်စာရွက်စာရင်းမှာ Mi Notebook Air အလေးချိန်က ၁.၂၈ ကီလိုဂရမ် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မျက်နှာပြင်အရွယ် ၁၃.၃ လက်မ Mi Notebook Air ရဲ့ တန်ဖိုးက 128GB မော်ဒယ်ကို ယွမ် ၄၉၉၉ (ဒေါ်လာ ၇၃၅) နဲ့ 256GB မော်ဒယ်ကို ယွမ် ၅၄၉၉ (ဒေါ်လာ ၈၀၉) ဖြစ်ပြီး ဇွန်လ ၁၂ ရက် မှာ စတင်မှာယူနိုင်မယ်လို့ ဖော်ပြထားပါတယ်။

Comments